The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

 

၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ ရက်

၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄,၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃,၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂။   ယခုအချိန်အခါ မတ်လသည် နွေရာသီကာလသို့ ရောက်ရှိလာပြီဖြစ်ရာ ပုံမှန်အားဖြင့် လျှပ်စစ် စွမ်းအားဝန်ကြီးဌာနသည် ဆည်များတွင်စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်း မောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလ ဖြစ်သော်လည်း၊ တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများ ညပိုင်း စာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိစေရန်အတွက် စုဆောင်း ထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရပါသည်။

၃။   သို့ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲပြီးစီးသွားသည့်ရက်များမှ စတင်၍ နွေရာသီအချိန် ဇွန်လ အထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်နှင့် လက်ရှိအချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ/အချိန်များတွင် ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကို (၁၈-၃-၂၀၂၆) ရက်မှ  စတင်ပြုလုပ်ရမည်ဖြစ်ပါသည်။ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက် လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးပေးထားပါမည်။ သို့ဖြစ်ပါ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ် လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) ဆောင်ရွက် ရမှုအပေါ် မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ ချွေတာသုံးစွဲပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

17-Mar-2026