နေပြည်တော်၊ ၂၀၂၆ ခုနှစ် ၊ မတ်လ (၂၈) ရက်
ကရင်ပြည်နယ် ၂၃၀ ကေဗွီ သင်္ဃန်းညီနောင်(မြဝတီ)ဓာတ်အားခွဲရုံမှ ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၆၆ ကေဗွီ မြဝတီ - ကော့ကရိတ် ဓာတ်အား လိုင်း၏ တာဝါတိုင်အမှတ် (၄၅ ၊ ၄၆ ၊ ၄၇) တို့သည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူများ၏ မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ကော့ကရိတ် မြို့နှင့် ကျုံဒိုးမြို့အပါအဝင် ကျေးရွာများ ဓာတ်အား ပြတ်တောက်ခဲ့ပါသည်။
ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့သို့ သွယ်တန်းထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်း(၁၆)မိုင် အား ကော့ကရိတ်ခရိုင်/မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးနှင့် ကျုံဒိုးမြို့လျှပ်စစ်မှူးရုံးတို့မှ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းအင်အား(၁၄) ဉီးတို့ဖြင့် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၆)ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ မတ်လ(၂၄)ရက်နေ့တွင် ဓာတ်အားလိုင်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ပါသည်။
အဆိုပါ ဓာတ်အားလိုင်းပြတ်တောက်ခဲ့သည့် ကော့ကရိတ်မြို့နှင့် ကျုံဒိုးမြို့တို့အား ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘားအံမြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ မိသရောင် ဓာတ်အားခွဲရုံမှ ၁၁ ကေဗွီ ဓာတ်အားလိုင်းမိုင် (၄၀)ခန့်အား ပြန်လည်ပြုပြင်သွယ်တန်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျုံဒိုးမြို့အား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၂၅)ရက်နေ့ ပထမ အဆင့်အနေဖြင့် ဓာတ်အားစတင်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ၁၁ ကေဗွီ ကျုံဒိုး - ကော့ကရိတ် ဓာတ်အား လိုင်း(၁၆)မိုင်ကို လိုအပ်သော စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ မတ်လ (၂၆)ရက်တွင် ကျုံဒိုးမြို့မှ တံတားကျိုးစစ်ဆေးရေးဂိတ်အထိနှင့် ကော့ကရိတ်ဓာတ်အားခွဲရုံသို့ အဆင့်ဆင့် ဓာတ်အားစတင်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ကော့ကရိတ်ဓာတ်အားခွဲရုံမှတစ်ဆင့် ကော့ကရိတ်မြို့ပေါ်ရှိ အရေးကြီးနေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦ များနှင့် အများပြည်သူနေအိမ်များအား လိုအပ်သော ဓာတ်အားလိုင်းစစ်ဆေးပြုပြင်မှုများ ဆောင်ရွက် ပြီးနောက် တစ်ဆင့်ချင်း ဓာတ်အားဆက်လက် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

